အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်ကာ ပတ်ဝန်းကျင် သာယာလှပရေး စီမံချက်အရ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီချုပ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များနှင့် ပြည်သူလူထုတို့ ပူးပေါင်း၍ အမှိုက်ကောက်သိမ်း ရန်နှိုးဆော်ထားသည်။
ထိုအမှိုက်ကောက်သိမ်းရေး နှင့်ပတ်သက်၍ ပြည်သူများက ဝေဖန်ချက်အမျိုးမျိုးပေးကြသည် ကိုလည်း လူမှုကွန်ရက်စာမျက်နှာ များတွင်တွေ့ရသည်။ ဒီချုပ်၏ ပြောရေးဆိုခွင့်ရှိသူဦးဝင်းထိန်ကတော့ ပြည်သူလူထုကို ဝန် ဆောင်မှုပေးသောအလုပ်ဖြစ် ကြောင်း၊ ကိုယ်စားလှယ်တွေနိုင် လို့ မော်ကြွားဖို့မဟုတ် ပြည်သူ လူထုကို Service ပေးဖို့ ဖြစ် ကြောင်း ပြောကြားခဲ့သည်။
အမှိုက်ကောက်ခြင်းနှင့်ပတ် သက်၍ စာရေးသူငယ်စဉ် ဇာတိ မြို့၌ အမှိုက်ကောက်ခဲ့ဖူးပုံကို ပြန် သတိရမိသည်။ တစ်နေ့ ရာအိမ်မှူးဆိုသော ပုဂ္ဂိုလ်သည် စာရေးသူတို့အိမ်သို့ရောက်လာ ကာ မနက်ဖြန် မိမိအိမ်ရှေ့ လမ်း ဘေးရှိအမှိုက်များအား ကောက် သိမ်းရန်နှင့် အိမ်ခြံစည်းရုံးကို ထုံးသုတ်ရန်ပြောကြားပြီး သိရှိကြောင်းလက်မှတ်ထိုးခိုင်းပါသည်။ မိဘများမရှိသဖြင့် ကိုယ်စားထိုးပေးလိုက်ရ၏။ ရေးထားသော ညွှန်ကြားစာတွင် မလိုက်နာပါက မိမိတာဝန်သာဖြစ်သည်ဟုပါသည်။ မိမိတာဝန်ဆိုသည်မှာ အခြားမဟုတ် ထောင်ချပါက အကျခံရမည်ဆိုသည့် သဘောပင်ဖြစ်သည်။ ထိုခေတ်က စစ်အစိုးရခေတ် မဟုတ်လား။
ထိုသို့နှင့် တစ်မြို့လုံး အ မှိုက် ကောက်ရသည် ဆိုပါစို့။ အားလုံး ထင်ထားသည့်အတိုင်း ပင် အမှိုက်ကောက်ပြီးနောက် တစ်နေ့ လူကြီးလာပါတော့သည်။ လူကြီးရဟတ်ယာဉ်မဆင်းမီ နာရီ ပိုင်းလောက်တွင်ပင် ကတ္တရာ လမ်းဖုန်မထရန် မီးသတ်ကားဖြင့် ရေဖျန်းသွားသေး၏။ လူကြီးလာ တော့ အဲကွန်းတပ်မှန်လုံကားကြီး တွေဖြတ်မောင်းသွားသည်။ ဘယ်ပြည်သူမှထွက်၍လက်မပြကြ၊ ကြောက်လို့ အိမ်ထဲပုန်းနေကြ သည်။ ထိုသို့ဖြင့် စာရေးသူတို့ ဇာတိမြို့ကလေးတွင် လူကြီးလာ မှ အမှိုက်ကောက်ရသောခေတ် တစ်ခေတ်ကို ကြုံခဲ့ရဖူးသည်။
ပတ်ဝန်းကျင်သာယာလှပ ရေးဟူ၍ စင်ကာပူနိုင်ငံကို ဥယျာဉ်နိုင်ငံကြီးအဖြစ် တည်ထောင်ခဲ့သော ကွယ်လွန်သူ စင်ကာပူနိုင်ငံ၏ ဖခင်ဝန်ကြီးချုပ် လီကွမ်ယုဆောင်ရွက်ချက်များကို ကိုးကားလိုပါသည်။ ထိုသို့ ကိုးကားရခြင်းမှာလည်း လက်ရှိ အစိုးရ တာဝန်ရှိသူအချို့က မြန်မာနိုင်ငံကို စင်ကာပူနိုင်ငံကဲ့သို့ဖြစ်အောင် ပြုလုပ်မည်ဟု ကြွေးကြော်ခဲ့၍လည်းဖြစ်၏။ မြန်မာနိုင်ငံ စင်ကာပူလိုဖြစ်၊ မဖြစ်တော့ ပြီးခဲ့သည့် ရွေးကောက်ပွဲရလဒ်က အဖြေဖြစ်ခဲ့သဖြင့်အထူးပြောစရာလိုမည်မထင်ပါ။
စင်ကာပူသည် ၁၉၆၅ သြ ဂုတ်လ၌ မလေးရှားနိုင်ငံမှခွဲထွက် ခဲ့ချိန်တွင် အလွန်ဆင်းရဲလျက်ရှိ သည်။ လီကွမ်ယုသည် ဝန်ကြီး ချုပ်အဖြစ် အခြားသူတို့ထံမှ သင် ယူခြင်းနှင့် အကောင်းဆုံးထံမှ သင်ယူခြင်းဟူသည့် ပေါ်လစီကို စတင်ကျင့်သုံးခဲ့သည်။ သူက ‘‘ကျွန်ုပ်တို့ကို လမ်းပြပေးမည့် အ နောက်တိုင်း၏တောင်းဆိုချက် များသာ မရှိခဲ့လျှင် ကျွန်ုပ်တို့ နောက်ပြန်ဆွဲနေသည့် အဖြစ်မှ လွတ်နိုင်ကြမည်မဟုတ်ချေ။ ကျွန်ုပ်တို့သည် နောက်ပြန်ဆွဲနေသော စီးပွားရေးကို နောက်ပြန်ဆွဲနေသော လူ့အဖွဲ့အစည်းနှင့်အတူရှိနေစေခဲ့သည်။ သို့သော် အနောက်တိုင်းမှအကုန်လုံးကို ကျွန်ုပ်တို့ မလိုချင်ပေ’’ဟုဆိုခဲ့သည်။
လီကွမ်ယုသည် သူမျှော်မှန်းသည့် စင်ကာပူကိုဥယျာဉ်မြို့တော်ဖြစ်လာရန်အတွက် ကွန်ကရစ်နှင့် စတီးလ်အဖြစ်မှ ကွန်ကရစ်၊ စတီးလ်၊ သစ်ပင်၊ ပန်းခြံ၊ ပန်းပင် နှင့် ဥယျာဉ်များအဖြစ်သို့ပြောင်း လဲခဲ့ရာ၌ ကိုယ်တိုင်ကိုယ်ကျပါ ဝင်ခဲ့သည်။ ထိုအခါ မြေဆီ၊ သစ် ပင်ပန်းမန်၊ ရေနုတ်မြောင်း၊ မိုး လေဝသ၊ မြေသြဇာတို့အကြောင်းကို ကိုယ်တိုင်သိထားသူအဖြစ်သို့ ရောက်သွားသည်။ တည်ဆောက် ဆဲအမြောက်တပ်စခန်းမြေကွက် လပ်တွင် သစ်ပင်များကျိုးတိုးကျဲ တဲဖြစ်နေသည်ကိုကြည့်၍ ဝန်ကြီးဌာနကို စောစောစီးစီးအပင်များ ဘာကြောင့် မစိုက်ပျိုးခဲ့သလဲဟု မေးသည်။ ထို့နောက် အချိန်တို အတွင်း ကြီးထွားနိုင်မည့်အပင်များကိုစိုက်ရန် ညွှန်ကြားပြီး ထိုအပင်များ၏ ရုက္ခဗေဒအမည်များကိုပင် ကိုယ်တိုင်ရေးပေးခဲ့သည်။
သူသည် စင်ကာပူနိုင်ငံ၏ နေရာ အများအပြားသို့ သွား ရောက်ကြည့်ရှုပြီး လိုအပ်သည် များကို သက်ဆိုင်ရာဝန်ကြီးဌာန များသို့ ညွှန်ကြားသည်။ အကြီး တန်း ပြည်သူ့ဝန်ထမ်းများထံသို့ ဖုန်းဆက်ပြီး မေးမြန်းသည်။ ဤ သစ်ပင်သည် ဘာကြောင့်နုံချာနေ ရသနည်း။ ဤနေရာသည် ဘာ ကြောင့်ညစ်ပေနေရသနည်း အစ ရှိသည့် မှတ်တမ်းတိုများကိုပေးပို့ သည်။ သူသည် နီဂါရာတိရစ္ဆာန် ရုံမှ ခြင်္သေ့စာ၊ ကြံ့စာ၊ ဝက်ဝံစာ တန်ဖိုးစရိတ်များမှအစ ပန်းခြံအတွင်းရေပန်း၌ရေဖိအားကို ထိန်းသည့် နော်ဇယ်သန့်ရှင်းမှုအထိ စိတ်ဝင်စားသည်။ တစ်ခါက အတွင်း ဝန်ရုံးတစ်ခုအတွင်းရှိ မီးခလုတ်များကိုဖွင့်ကြည့်ရာ အလုပ်မလုပ်သဖြင့် ဝန်ထမ်းများကို မာန်မဲခဲ့ဖူးသည်။
သူက စင်ကာပူဖွံ့ဖြိုးမှုဖြစ် စေရန်အတွက် တစ်ခုတည်းသော အဆုံးအဖြတ်ပေးသည့်အချက် မှာ ထို့အတွက်ပံ့ပိုးပေးကြသည့် ဝန်ကြီးများနှင့် အရည်အသွေး မြင့်မားသော ပြည်သူ့ဝန်ထမ်းများ ၏ လုပ်ကိုင်နိုင်စွမ်းဖြစ်သည်ဟု ဆိုသည်။ သူ၏ရေးသားချက်တခု ၌ အာရှ၏တိုးတက်ဖြစ်ပေါ်နေမှု များအပေါ် ကျွန်ုပ်၏အတွေ့အကြုံများက ကျွန်ုပ်ကိုကောက်ချက်ချ စေခဲ့သည်မှာ ကောင်းသောအစိုးရရရန် ကောင်းသောသူများ လိုအပ်သည်ဟုပါဝင်ခဲ့သည်။
သူ၏အုပ်ချုပ်ရေးမူဝါဒမှာ ‘မူဝါဒသည်ပင်လျှင် ခံယူကျင့်သုံး ခြင်း ခံယူကျင့်သုံးခြင်းသည်ပင် လျှင် မူဝါဒ’ဟူ၍ဖြစ်၏။ အရေ အတွက်ထက် အရည်အချင်းကို ဦးစားပေးရွေးချယ်ကာ ပြည်သူ့ ဝန်ထမ်းများအား ခန့်ထားသည်။ အသက်အရွယ် ငယ်ရွယ်သူများ သည် အတွေးအခေါ်လတ်ဆတ် သည်ဟု ယုံကြည်ကာ လူငယ်များ ကို ဦးစားပေးသည်။ သူကိုယ်တိုင် လည်း ပြည်သူ့ဝန်ထမ်းများနှင့် အတူ လူနေရပ်ကွက်များသို့ အလည်အပတ်သွားပြီး နေထိုင်ကြသူများ၏ အမှုထားစရာကိစ္စများကိုသိရှိသဘောပေါက်စေခြင်းဖြင့် ပြည်သူ့ဝန်ထမ်းတို့အားအောက်ခြေမှ ပြဿနာများကို ထဲထဲဝင်ဝင်သိရှိသဘောပေါက်စေသည်။
၁၉၅၉ ခုနှစ် အရပ်ဘက် ဝန်ထမ်းခေါင်းဆောင်များကို ပြောကြားခဲ့သည့်မိန့်ခွန်းထဲမှ အချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။ ဖော်ပြလိုသည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံသည် မကြာမီ၌ အစိုးရသစ်တစ်ရပ်နှင့် အုပ်ချုပ်ရေးအသစ်တစ်ခု ပေါ်ပေါက်တော့မည်ဖြစ်၍ဖြစ်၏။ မစ္စတာလီက ‘‘ကျွန်တော်အဓိက ပြောချင်တာက အခုလိုရိုးရိုးရှင်းရှင်းလေးပါပဲ။ ကျွန်တော်နဲ့ခင်ဗျားတို့မှာရှိတဲ့အကျိုးမျှော်မှန်းချက်ဟာ ဒီမိုကရက်တစ်နိုင်ငံတော်ဆက်လက်ရပ်တည်နေနိုင်ရေး ဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက်ခံကြရတဲ့ ဝန်ကြီးတွေက ခင်ဗျားတို့နဲ့အတူ မူဝါဒတွေကို လက်တွဲအကောင်အထည်ဖော်ရ မယ်။ ခင်ဗျားတို့ရဲ့အမြင်က ဆို ရှယ်လစ်ဝါဒ၊ အရင်းရှင်ဝါဒ၊ လစ်ဘရယ်ဝါဒ၊ ကွန်မြူနစ်ဝါဒ ဘာဝါဒဖြစ်နေနေ လမ်းဟောင်း မလိုက် လမ်းသစ်တီထွင်တာဖြစ် ဖြစ်၊ ရှေးရိုးစွဲဖြစ်ဖြစ်၊ ဘာပဲဖြစ် နေနေ လာမယ့်ငါးနှစ်အတွက် ခင်ဗျားတို့နဲ့ ကျွန်တော်တို့ အလုပ် တာဝန်ဟာ ဘာလဲဆိုတော့ ဒီမို ကရက်တစ်စနစ်ဟာ အကျိုး ရလဒ်တွေထွက်ပေါ်တယ်ဆိုတာ လုပ်ပြဖို့ပဲဖြစ်တယ်။ လူထုကြီးက အာဏာတွေခွဲဝေအပ်နှင်းထားတဲ့ သဘောတရားတွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့ဝန် ထမ်းတွေ နိုင်ငံရေးမှာ ကြားနေရ တဲ့ တာဝန်နဲ့ရည်ရွယ်ချက်တွေကို လည်း အရေးမလုပ်ကြပါဘူး။ သူတို့အရေးလုပ်သမျှဟာ ၁၉၅၉ ခု မေလမှာ သူတို့ရဲ့ကိုယ်ပိုင် အစိုးရကို ရွေးကောက်တင် မြှောက်ပေးခဲ့ကြပြီး သူတို့နဲ့သူတို့ ကလေးတွေအတွက် ပိုကောင်း မွန်တဲ့လောကရရှိဖို့အတွက်ဖြစ် ပါတယ်’’လို့ ပြောကြားခဲ့ပါတယ်။
ယခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်သော အမှိုက်ကောက်ခြင်းကိစ္စမှာ ရွေး ကောက်ပွဲတွင် အရွေးကောက်ခံ ရသော ကိုယ်စားလှယ်များနှင့် ပြည်သူလူထု၏ ထိတွေ့မှုအစ ပင်ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်က မိမိကိုယ်ကိုယ်နှိမ့်ချ၍ ပြုမူသလို ပြည်သူလူထု၏ အခက်အခဲနှင့် ခံစားချက်များကို ထဲ ထဲဝင်ဝင် သိရှိစေရန် ရည်ရွယ်ပုံရပါသည်။ မြန်မာနိုင်ငံကို စင်ကာပူ နိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်လိုပါက စင်ကာပူနိုင်ငံသားများ စည်းကမ်းရှိ သကဲ့သို့ အမှိုက်မပစ်ဖို့၊ကိုယ့်အမှိုက်ကိုယ်ပြန်ကောက်ဖို့လိုပါသည်။ လီကွမ်ယုလိုသစ်ပင်စိုက်တာ၊ မီးခလုတ်ပျက်တာ၊ ပန်းခြံထဲမှာ ရေပန်းမလာတာက အစ စိတ်ဝင်စားသည့် ခေါင်းဆောင်များလည်းလိုပါသည်။ ကျွန်တော်တို့နှင့် ကျွန်တော်တို့ကလေးတွေ ပိုကောင်းမွန်သည့် လူ့အဖွဲ့အစည်းရရှိဖို့ အမှိုက်ကောက်တာက စသင့်ရင် စရပါမည်။
ကိုးကား။ ။ The Big Ideas of Lee Kuan YEW (ဒိုဂျေဆန်းမြန်မာပြန်)
7DayDaily


0 comments:

Post a Comment

 
Top