မှော်ဘီမြို့နယ်
အမှတ် (၅၀၁၀) တင့်ကားတပ်အတွင်းရှိ လက်နက်တိုက် ဖောက်ထွင်းခံရပြီး
လက်နက်များ၊ ကျည်ကတ်များနှင့် ယမ်းပြင်းကျည်ဆန်များ ပျောက်ဆုံးနေ
မှော်ဘီမြို့နယ်ရှိ အမှတ် (၅၀၁၀) တင့်ကားတပ်အတွင်းရှိ လက်နက်တိုက်
ဖောက်ထွင်းခံရပြီး လက်နက်များ၊ ကျည်ကတ်များ နှင့် ၉ မမ
ယမ်းပြင်းကျည်ဆန်များ ပျောက်ဆုံးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ
ဇန်န၀ါရီ ၂၁ ရက် နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊
ရန်ကုန်-ပြည် ကားလမ်းနံဘေး အမှတ် (၅၀၁၀) တင့်ကားတပ်ရင်းမှ ကပ ၇၀၅၅၁၀ တကက
သိန်းအေးမှာ မကောင်းခဲယမ်းများ ထုတ်ယူရန် လက်နက်တိုက်သို့ လာစဉ်
လက်နက်တိုက်အား ခတ်ထားသည့် သော့နှစ်လုံးအား ကတ်တာဖြင့် ဖြတ်ထားကြောင်း
တွေ့ရှိခဲ့ရသည်ဟု သိရသည်။
ထို့ကြောင့် လက်နက်တိုက် တာဝန်ခံအား
ခေါ်၍ စစ်ဆေးရာ လက်နက်တိုက်ရှိ အပြင်ဘက် ပျဉ်းကတိုးတံခါးနှင့်
အတွင်းဘက်တံခါးတွင် ခတ်ထားသော အာမခံသော့နှစ်လုံးစလုံး အဖြတ်ခံထားရသည့်အပြင်
သေနတ်စင်မှ သံကြိုးများမှာလည်း ပြတ်တောက်နေကြောင်း ထပ်မံတွေ့ရှိခဲ့သည်။
ထို့ကြောင့် တာဝန်ရှိသူများက လက်နက်တိုက်အတွင်းရှိ လက်နက်ခဲယမ်းများအား
စစ်ဆေးရာ MA 1 အမျိုးအစား သေနတ် နှစ်လက်၊ ခဲယမ်းသေတ္တာအတွင်းမှ ၉ မမ
ယမ်းပြင်းကျည် စုစုပေါင်း အတောင့် ၅၀၀၊ အမ်အေ-၁၃ ကျည်ကတ် ငါးခု
ပျောက်ဆုံးနေကြောင်း သိရသည်။
“ကျွန်တော်တို့ အခု တိုင်း၊ ခရိုင်က
မှုခင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့
ဆောင်ရွက်နေပါတယ်။ လောလောဆယ်မှာတော့ ထူးခြားမှု မရှိသေးပါဘူး” ဟု
မှော်ဘီမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး နိုင်နိုင်ငြိမ်းက ဇန်န၀ါရီ ၂၃
ရက် က ပြောကြားသည်။
ယင်းဖြစ်စဉ်ကို မှော်ဘီမြို့မရဲစခန်းမှ (ပ)
၄၀/၁၄၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေ ပုဒ်မ-၂
(၁) (က) ဖြင့် အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။
credit to;Eleven Media Group
Top
0 comments:
Post a Comment