Home
»
မှု့ခင်းသတင်း
»
၁၇ ကျပ်သားရှိသည့် သတ္ထုလုံးကို ဓာတ်လုံးဟုဆိုကာ သိန်း ၁၅၀ ဖြင့် လိမ်ရောင်း
ပြဒါးငုတ်သည့် ဓာတ်လုံးဟုဆိုကာ သတ္ထုလုံးတစ်လုံးကို ကျပ်သိန်း ၁၅၀ ဖြင့်
လိမ်လည် ရောင်းချသည်ဟု စက်တင်ဘာ ၁၀ ရက်က မရမ်းကုန်းရဲစခန်းတွင်
အမှုဖွင့်တိုင်တန်းထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက
သတင်းထုတ်ပြန်သည်။
လိမ်လည်ခံရသူမှာ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀
အရွယ်အမျိုးသမီး တစ်ဦးဖြစ်ပြီး သူ့ကို ရွှေပြည်သာမှ အမျိုးသားကြီးတစ်ဦးက
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က ဖုန်းဆက်ကာ အလေးချိန် ၁၇ ကျပ်သားရှိသည့်
ပြဒါးငုပ်သည့် ဓာတ်လုံးရောင်းချလိုကြောင်း ပြောကြားခဲ့သည်ဟု ရဲဌာနကို
တရားလိုက ထွက်ဆိုသည်။
ထို့ကြောင့် တရားလို အမျိုးသမီးက ဓာတ်လုံးဝယ်လိုသည့် သူ့မိတ်ဆွေအခြားအမျိုးသားကြီးတစ်ဦးထံ ဆက်သွယ်ပြီး
ပြောကြားရာ ထိုသူက ပြဒါးတစ်ကျပ်သားငုပ်လျှင် သိန်း ၁၀၀၀ ပေးမည်ဟု ပြောဆို
ကတိပြုသဖြင့် သူမထံ ဖုန်းဆက်ရောင်းချလာသည့် အမျိုးသားကို
ပြန်လည်ဆက်သွယ်ခဲ့သည်ဟု ဆက်လက် ပြောကြားသည်။
ဓာတ်လုံးရောင်းသူနှင့် အမျိုးသမီးတို့သည် ဓာတ်လုံးကိုစမ်းသပ်ရာ
ပြဒါးငုပ်သဖြင့် ကျပ်သိန်း ၁၅၀ ပေးပြီး ၀ယ်ခဲ့ကြောင်း၊
ထို့နောက်အမျိုးသမီးက သူ့ထံမှပြန်ဝယ်မည့် အမျိုးသားကြီးထံ သွားရောက်ပြီး
ပြန်လည် ရောင်းချ ချိန်တွင်မူ ဓာတ်လုံးမှာ ပြဒါးမငုပ်တော့ကြောင်း ရဲကို
တိုင်တန်းထွက်ဆိုထားပါသည်။
ထို့ကြောင့် ဓာတ်လုံးရောင်းချသူ ရွှေပြည်သာမှ အမျိုးသားကြီးကို ငွေလိမ်လည်ရယူသူ အဖြစ်စွပ်စွဲကာ ရဲစခန်း၌ တိုင်တန်းထားခြင်း ဖြစ်သည်။
ယင်းတိုင်တန်းမှုကို မရမ်းကုန်းရဲစခန်းက အမှုအမှတ် (ပ)၃၈၈/၂၀၁၃ ဖြင့်
အမှုဖွင့်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂၀ ဖြင့် သံသယရှိသူကို တရားစွဲရန်
စုံးစမ်းရှာဖွေလျက်ရှိကြောင်း ရန်ကုန်တိုင်းရဲဌာနက ဆိုထားသည်။
Mizzima
Top
0 comments:
Post a Comment