ဒေါက်တာ ခင်စန်းမော်
ကမ္ဘာပေါ်တွင် အိမ်မွေးအချစ်တော်အဖြစ် မွေးမြူကြသော တိရ္ဆာန်အမျိုးမျိုးရှိသည့်အနက် ကြောင်သည် လူကြိုက်အများဆုံး အိမ်မွေးတိရ္ဆာန်ဖြစ်လေသည်။ အိမ်မွေးကြောင်များသည် ခွေးများကဲ့သို့ အမိန့်နာခံတတ်သော သတ္တဝါများမဟုတ်ကြ၊ လေ့ကျင့်သင်ကြားပေးသော်လည်း မလိုက်နာကြပေ။ သို့သော် သူတို့၏ အသက်ရှင်သန်မှုအတွက် လူတို့ကို မှီခိုစရာမလိုဘဲ လွတ်လပ်စွာ ရပ်တည်နိုင်ကြသည်။ ဤအချက်သည် လေးစားအထင်ကြီးစရာ အရည်အချင်းတစ်ခုဖြစ်နေသောကြောင့် ကြောင်သည် လူကြိုက်အများဆုံး အိမ်မွေးတိရ္ဆာန်ဖြစ်ရပေသည်။
ကြောင်မျိုးနွယ်ဝင်များထဲတွင် ခြင်္သေနှင့်ကျားတို့ကဲ့သို့ မာန်ဖီဟိန်းဟောက်တတ်သည့်သတ္တဝါများမှစပြီး အိမ်မွေး ကြောင်ကဲ့သို့ အရွယ်အစားသေးငယ်သော ကြောင်များ လည်း ပါဝင်သည်။ အရွယ်အစားအကြီးအသေးကွာခြားမှု ကြောင့်မဟုတ်ဘဲ ခန္ဓာဗေဒဖွဲ့စည်းပုံ ကွဲပြားခြားနားကြ သောကြောင့် မျိုးစိတ်များစွာ ကွဲပြားကြသည်။ ၁၉ဝဝ ပြည့် နှစ်များ၏ အစောပိုင်း ကာလများ၌ ကြောင်မျိုးရင်းထဲတွင် ကြောင်မျိုးစု (Species)ပေါင်း ၂၃ဝ ကျော်ရှိခဲ့သည်။
အိမ်မွေးကြောင်အားလုံးတို့သည် အရွယ်အစားကြီးမား သော တောရိုင်းနွယ်ဝင်ကြောင်များမှ ဆင်းသက်လာကြ သည်။ ယခုခေတ်အိမ်မွေးကြောင်များအနက် မျိုးစစ်ကြောင် များတွင်ဖြစ်စေ၊ မျိုးစပ်ကြောင်များတွင်ဖြစ်စေ တောရိုင်း နွယ်ဝင်ကြောင်များ၏ မျိုးရိုးဗီဇလက္ခဏာကို တွေ့ရှိနေရ ဆဲဖြစ်သည်။
အစောဆုံး သမိုင်းအထောက်အထားများအရ ရှေးဟောင်းအီဂျစ်ပြည်တွင် အိမ်မွေးကြောင်များရှိ ကြောင်း တွေ့ရှိရပေသည်။ ရှေးဟောင်းအီဂျစ်ပြည်
တွင် ကြောင်ကို ဘုရားတစ်ဆူသဖွယ် ကိုးကွယ်ကြပြီး ကြောင် တစ်ကောင်ကို သတ်မိသည့် ပြစ်မှုကျူးလွန်လျှင် သေဒဏ် ပေးခြင်းခံရတတ်သည်။ ဖာရိုဘုရင်မင်းမြတ်များ နတ်ရွာစံ သောအခါ ကြောင်များကိုလည်း မံမီရုပ်များအဖြစ် နှစ်ပေါင်း များစွာ မပုပ်မသိုးအောင် ဆေးစီရင်ကြပြီး ဘုရင်မင်းမြတ် နှင့်အတူ မြှုပ်နှံခဲ့ကြသည်။ ထိုမံမီကြောင်ရုပ်များမှတစ်ဆင့် အစောဆုံးအိမ်မွေးကြောင်များ၏ဘဝကို လေ့လာနိုင်ခဲ့ ကြသည်။ လန်ဒန်မြို့ရှိ ဗြိတိသျှသမိုင်းပြတိုက်တွင် ပိရမစ် တူးဖော်ရာမှ သိမ်းယူရရှိသည့် ပစ္စည်းများကို ခင်းကျင်း ပြသထားရာ ဆေးစီရင်ထားသော မံမီကြောင်ရုပ်များစွာ ပါဝင်ကြောင်း တွေ့ရှိရပေသည်။ ထိုကြောင်အားလုံးမှာ အရွယ်အစားသေးငယ်၍ အမွေးတိုပြီး အမွေးကအညိုရောင် ဖြစ်သည်။ ယခုအခါ Abyssinian ဟု ခေါ်တွင်သော ကြောင်အမျိုးအနွယ်နှင့်ဆင်တူနေသည်။
တစ်ချိန်တစ်ခါက ဘုရားသခင်ကဲ့သို့ ကိုးကွယ်ခံရသော ကြောင်များ၏ဘဝသည် အလယ်ခေတ်ကာလကို ရောက် သောအခါ ပင်လယ်ဒီရေလို အတက်အကျ ပြောင်းလဲ သွားသည်။ ကြောင်များကို စုန်း၊ မှော်ပညာသည်များ၏ အဖော်အဖြစ်တွေ့ရသောကြောင့် မှော်ပညာရှင်နှင့် ကြောင်ကိုပါ မီးရှို့သတ်ဖြတ်ပစ်ကြသည်။ ကြောင်မည်း သို့မဟုတ် အနက်ရောင်ကြောင်သည် မှော်ပညာရှင်၏ အတတ်ပညာလက်ဖွဲ့အဖြစ် ဆက်နွှယ်နေသယောင်စွဲလမ်းယုံကြည်ယူဆကြသည်။ အချို့လူများက ကြောင်နက်အား ကံကောင်းစေသော အဆောင်တစ်ခုသဖွယ် ယုံကြည်ကြ သည့်တိုင်အောင် ခရီးလမ်းကြောင်း၏ရှေ့မှာ ကြောင်နက်တစ်ကောင်ကန့်လန့်ဖြတ်ပြေးသွားပါက မကောင်းသော အတိတ်နိမိတ်ဟု ယူဆကြလေသည်။
လှေငယ်များခေတ်မှ ကြီးမားသောသင်္ဘောများတည် ဆောက်လာနိုင်ကြသောအခါ ခရီးသွားလာရေးနယ်ပယ် ပိုမိုကျယ်ပြန့်လာသည်။ ယင်းသည် ကြောင်များ၏ အနာဂတ် ဘဝကို တစ်မျိုးတစ်ဖုံပြောင်းလဲသွားစေခဲ့သည်။ ကြောင် များသည် ကြွက်ဖမ်းရာတွင် အလွန်တော်သောကြောင့် သင်္ဘောအများစုပေါ်တွင် ကြောင်ကို မွေးမြူကြသည်။ သင်္ဘောခရီးတိုင်းတွင် ကြောင်များကို သယ်ဆောင်သွား ကြသည်။ ကြောင်များသည် ထွက်ပြေးလွတ်မြောက်နိုင် သော တိရ္ဆာန်ဖြစ်သည့်အတွက် သင်္ဘောပေါ်မှာပါလာ သောကြောင်များ ပျောက်ဆုံးသွားသောအခါ သင်္ဘော ဆိုက်ရောက်ရာနေရာရှိ ဒေသခံကြောင်များကို အစားထိုးပြီး ယူဆောင်လာကြသဖြင့် ကြောင်မျိုးနွယ်များ ပျံ့နှံ့လာပေ သည်။
ကြောင်၏အမွေးအမျိုးအစားနှင့် အတိုအရှည်သည် ထိုကြောင်မျိုးနွယ်ဆင်းသက်လာရာ အရပ်ဒေသအပေါ် မူတည်၍ ကွဲပြားခြားနားသည်။Scottish Wild Cat သည် စကော့တလန်ပြည်၏ ဆောင်းရာသီတွင် ပူနွေးသော အနွေးဓာတ်ထွက်မသွားအောင် ထိန်းပေးနိုင်ရန် ထူထဲ သိပ်သည်းသော အမွေးအမျိုးအစားရှိ Persian Cat နှင့်Angora Cat တို့သည် အီရန်နှင့် တူရကီနိုင်ငံ ကုန်းမြင့် ဒေသမှဆင်းသက်လာ၍ ရှည်လျားသော အမွေးအမျိုး အစားကို ပိုင်ဆိုင်ကြသည်။ ထိုနိုင်ငံများ၌ တောင်ထူထပ် သောကြောင့် ညပိုင်းတွင်လည်းကောင်း၊ ဆောင်းတွင်း ကာလတွင်လည်းကောင်း အလွန်ချမ်းအေးလေ့ရှိရာ ကြောင်၏ ရှည်လျားသောအမွေးများက အနွေးထည်ကဲ့သို့ နွေးထွေး စေခဲ့သည်။Siamese Cat ခေါ် ယိုးဒယားကြောင်များမှာ ဖျော့တော့တော့အရောင်နှင့် ပိုးချည်ကဲ့သို့ နူးညံ့သောအမွေးကို ပိုင်ဆိုင်ကြ၍ ရာသီဥတုပူပြင်းချိန်တွင် ခန္ဓာကိုယ်ကို အလွယ် တကူအေးမြစေနိုင်သည်။
ကမ္ဘာပေါ်ရှိ ဒေသအသီးသီးမှ ကြောင်များကို လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကပင် တစ်နိုင်ငံမှတစ်နိုင်ငံသို့ တင်သွင်း ကြသည်။ တင်ပို့ကြသည်။ သူတို့၏ မျိုးရိုး၊ သူတို့၏ အမွေး အမျိုးအစားသည် ရောက်ရှိသွားသောဒေသ၏ ရာသီဥတု နှင့် ကိုက်ညီမှုမရှိသည့်တိုင်အောင် ကြောင်၏ ပင်ကိုသဘာဝ အရည်အချင်းကြောင့် ကမ္ဘာပေါ်ရှိ မည်သည့်နေရာဒေသတွင် မဆို အသက်ရှင်သန်ရပ်တည်နိုင်ကြပေသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ မျိုးစစ်မျိုးမှန်ကြောင်များကို ဝယ်ယူပြီး ကာကွယ်ဆေးမှန်မှန်ထိုးကာ စနစ်တကျ မွေးမြူ သူများရှိကြပါသည်။ အိမ်မွေးကြောင်များကို မွေးမြူထားကြ သူများအနက် အချို့က တိုက်ခန်းထဲမှာ လုံခြုံစွာ မွေးမြူကြပြီး အချို့က ခြံဝင်းထဲမှာ လုံခြုံစွာ မွေးမြူကြသည်။ အများစုက အိမ်သို့ အလေ့ကျရောက်လာသော ကြောင်များကို အစာ ကျွေးရင်း လွတ်လပ်စွာ မွေးမြူထားကြသူများဖြစ်နေပါသည်။
ထိုလူအများစုတွင် အခြေခံကျန်းမာရေးဗဟုသုတ မရှိ သေးသူများ ပါဝင်ကြသည်။ အချို့က အိမ်မွေးကြောင်ချစ်သူ များမဟုတ်ကြ၊ ပိုင်ရှင်အဖြစ် အစစအရာရာ တာဝန်ယူပြီး မွေးမြူလိုသူများ မဟုတ်ကြ။ ကြင်နာသနားစိတ်ကြောင့် တစ်လုတ်တစ်ဆုပ်ကျွေးထားရင်း ကယ်ဆယ်ထားသူများ ဖြစ်ကြသည်။ လွတ်လပ်စွာ လှည့်လည်သွားလာခွင့်ပြုထား သော ကြောင်များသည် အစာစားချိန်ရောက်မှ ပြန်လာ တတ်ကြသည်။ အချို့က ခဏတစ်ဖြုတ်သာ အပြင်ထွက်ကြ သည်။ အချို့ကြောင်များက အနီးပတ်ဝန်းကျင်ရှိ အိမ်များသို့ လှည့်လည် စားသောက်လေ့ရှိပြီး တစ်ခါတစ်ရံ ရက်အနည်း ငယ်ခန့် ပျောက်ဆုံးနေတတ်သည်။ မိမိအိမ်မှာမြဲနေရာမှ အခြားအိမ်သို့ ရွှေ့ပြောင်းအခြေချသွားတတ်သလို အချို့ကတော့ လုံးဝအစအနပျောက်သွားကြသည်။
မည်သို့ပင်ဖြစ်စေ လူတို့၏ ကျန်းမာရေးနှင့် ဆက်နွှယ် နေသော တိရ္ဆာန်ရောဂါများရှိနေသည်ကို သတိပြုသင့် လှပါသည်။ ထိုရောဂါများကို သိရှိထားခြင်းသည် အိမ်မွေး ကြောင်များမှ လူသို့ ရောဂါကူးစက်မှုမရှိစေရန် ကြိုတင် ကာကွယ်ခြင်းအတွက် များစွာ အသုံးဝင်လှသည်။ အိမ်မွေး ကြောင်များမှ လူကို ကူးစက်နိုင်သောရောဂါများမှာ အောက်ပါ အတိုင်းဖြစ်ကြသည်။
သန်လုံးကောင်
သန်လုံးကောင်သည် ကြောင်၏ အူလမ်းကြောင်း တစ်လျှောက်တွင် နေထိုင်သည်။ သန်လုံးကောင်စွဲကပ်လျှင် ကြောင်သည် အစာစားသော်လည်း တဖြည်းဖြည်းပိန်လာမည်။ အရေပြားပေါ်ရှိ အမွေးအမှင်တို့ စောင်းလာမည်။ ဝမ်းဗိုက်မှာ ရေအိုးပုံသ္ဌာန်ကဲ့သို့ဖောင်းလာပြီး အာဟာရချို့တဲ့လာမည်။ ကြောင်ကလေးများတွင် သန်ကောင်စွဲကပ်ပါက ဝမ်းပျက် ခြင်း၊ ဝမ်းချုပ်ခြင်း၊ အော့အန်ခြင်း၊ သွေးအားနည်းခြင်းတို့ကို တွေ့မြင်ရမည်။ သန်လုံးကောင်၏ဥများသည် ဝမ်းသွား သောအခါ ပါလာတတ်သည်။ ထို့ကြောင့် ကြောင်၏အညစ် အကြေးများကို စနစ်တကျစွန့်ပစ်ရန် အရေးကြီးလာသည်။ ကလေးငယ်များသည် ကြောင်များနှင့် လက်ပွန်းတတီးနေ တတ်သောကြောင့် ကြောင်အညစ်အကြေးထဲတွင် ပါလာ သော သန်းဥများသည်ကလေး၏လက်မှတစ်ဆင့် အစာအိမ် နှင့် အူလမ်းကြောင်းအတွင်းသို့ဝင်ရောက်ပြီး သန်ကောင်ရောဂါ စွဲကပ်နိုင်ပေသည်။
သန်ပြားကောင်
ကြောင်၏စအိုဝတွင် ဆန်စေ့သဏ္ဌာန် အဖြူစေ့လေး များကပ်တွယ်နေခြင်းသည် သန်ပြားကောင်စွဲကပ်နေကြောင်း သိရှိနိုင်သည့်လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။ ထိုအဖြူစေ့ ကလေးများသည် သန်ပြားကောင်၏ အဆစ်အပိုင်းများဖြစ် ကြပြီး အဆစ်တစ်ခုစီသည် သန်ပြားကောင်၏ ဥများစွာ ကိုသယ်ဆောင်ထားကြသည်။ ကြောင်၏လှေးများ(Flea)သည်သန်ပြားကောင်၏ဘဝစက်ဝန်းတွင် ကြားခံသယ်ဆောင် သူအဖြစ် ဆောင်ရွက်သည်။ ထို့ကြောင့် သန်ပြားကောင်ဘဝ စက်ဝန်းမလည်စေရန် မိမိ၏ကြောင်မှာ လှေးများကင်းရှင်း အောင် ဆောင်ရွက်သင့်သည်။ သန်ပြားကောင်သည် ကြောင် ၏ အူနံရံ၌ခေါင်းပိုင်းကို တွယ်ကပ်ထားခြင်းကြောင့် ထို ခေါင်းပိုင်းပြုတ်ကျသွားအောင် သန်ချရန်လိုသည်။ အိမ်မွေး ကြောင်မှာ သန်ပြားကောင်စွဲကပ်ပါက ကြောင်၏ အညစ် အကြေးများမှတစ်ဆင့် လူကို ရောဂါကူးစက်နိုင်ပါသည်။
Toxoplasmosis
ယင်းသည် ကပ်ပါးကောင်ရောဂါစစ်စစ်မဟုတ်သော် လည်းလူထုအတွက် အရေးကြီးသောရောဂါတစ်ခုဖြစ်သည်။Toxoplasmosisသည် Protozoa ခေါ် သတ္တဝါကြောင့် ဖြစ်ပွားတတ်သောရောဂါတစ်ခုဖြစ်ပြီး ကြောင်မှ လူကိုကူးစက် တတ်သောရောဂါ (Zoonosis)ဖြစ်သည်။ အထူးသဖြင့် ခွေးနှင့်ကြောင်မှလူကို ကူးစက်တတ်သည်။
Toxoplasmosis သည် ကြောင်တွင် မကျန်းမမာ ဖြစ်ခဲသော်လည်း အရွယ်ရောက်လူကြီးတစ်ယောက်၌ ရောဂါ ပြင်းထန်စွာ ဖြစ်တတ်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင်ကလေးမမွေးနိုင်ခြင်းနှင့်မွေးရာပါ မျက်လုံး ကန်းခြင်းကဲ့သို့ ခန္ဓာကိုယ်ချို့ယွင်းချက်များ ဖြစ်စေတတ် သည်။ Toxoplasmosis
၏ ဥများသည် ရောဂါရှိသောကြောင်၏ မစင်ထဲတွင် အမြောက်အမြားပါလာတတ်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်များအနေဖြင့် ကြောင်၏အညစ်အကြေးစွန့် ဗန်းကိုမကိုင်တွယ်မိစေရန် အလွန်အရေးကြီးပါသည်။
ကြောင်များကို သန်ချဆေးမှန်မှန်တိုက်ကျွေးခြင်း၊ ကြောင်ကိုကိုင်တွယ်ပြီးတိုင်း လက်ကိုသေချာစွာဆေးကြောခြင်း၊ အညစ်အကြေးစွန့် ဗန်းကိုသန့်ရှင်းအောင်လုပ်ပေးပြီးတိုင်း လက်ကိုသေချာစွာဆေးကြောခြင်းတို့သည် ဤရောဂါများကို ကာကွယ်နိုင်သည့် နည်းလမ်းများဖြစ်ကြသည်။
လှေးများ (Flea)
လှေးများသည် ကြောင်တွင်အများဆုံးတွေ့ရသော ခန္ဓာပြင်ပကပ်ပါးကောင်ဖြစ်သည်။ လှေးစွဲကပ်သည့်အခါ ကြောင်သည် သူ၏ခန္ဓာကိုယ်ကို အလွန်အကျွံကုတ်ခြစ် နေတတ်သည်။ လှေးသည် တစ်နေရာမှ တစ်နေရာသို့ လျင်မြန်စွာခုန်၍ ခုန်၍သွားနိုင်ကြသည်။ ပူနွေးသောရာသီ တွင် လှေးများထကြွပွားများတတ်သည်။ အိမ်မွေးကြောင် မှာ လှေးစွဲကပ်သောအခါ ထိုလှေးများက လူကိုကိုက်မိလျှင် ဓာတ်မတည့်မှုကြောင့်ဖြစ်သော အရေပြားယားနာ (Flea Allergic Dermatitis)ဖြစ်တတ်သည်။ လှေးများကို နှိမ်နင်းရန် လှေးပေါင်ဒါ၊ လည်ပတ်၊ စပရေးနှင့် အစက်ချ ဆေး (Flea Drop) များကို သုံးနိုင်သော်လည်း အဓိက ပြဿနာမှာ အိမ်၏ကြမ်းပြင်နှင့် ကော်ဇောများ၌ ကျနေသော လှေးများကကြောင်များကို တစ်ဖန်ပြန်လည် စွဲကပ်စေနိုင် သောကြောင့် တစ်အိမ်လုံးရှိလှေးများကို နှိမ်နင်းရန်လိုအပ် ပါသည်။
မွှားများ
လှေးကဲ့သို့ပင် မွှားသည်သွေးစုပ်သည့် ခန္ဓာပြင်ပကပ်ပါး ကောင်ဖြစ်သည်။ မွှားသည် ကြောင်၏ အရေပြားထဲတွင် သူ၏ခေါင်းကိုမြှုပ်ပြီး နက်ရှိုင်းစွာ သွေးစုပ်လေ့ရှိသည်။ သွေးဝ၍ ပြည့်တင်းဖောင်းကားလာသော မွှားများသည် ပဲစေ့အရွယ် ခန့်ရှိပြီး အလွယ်တကူတွေ့မြင်နိုင်သည်။ အိမ်မွေးကြောင် မှာ ကပ်တွယ်သောမွှားများသည် လူကိုလည်း သွေးစုပ်နိုင် ပြီး သွေးအားနည်းခြင်းနှင့် မွှားကြောင့်ဖြစ်သော သွေးအား နည်းရောဂါ၊ ချည့်နဲ့သောရောဂါတို့အပြင် မွှားမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများဖြစ်တတ်သဖြင့် မွှားကင်းစင် အောင် နှိမ်နင်းထားဖို့လိုပါသည်။
ဝဲပိုး
ဝဲပိုးသည် အခြေခံအားဖြင့် နှစ်မျိုးနှစ်စားရှိပြီး အမွေးနှင့် အရေပြားကို အဓိကတိုက်ခိုက်သည်။ ဝဲပိုးများသည်အလွန် သေးငယ်ပြီးလူတို့၏ မျက်စိနှင့်မမြင်ရပေ။ အရေပြားဝဲပိုးသည် အမွေးကျွတ်ခြင်းကိုဖြစ်စေပြီး အကြေးခွံကဲ့သို့ ထူခြင်း၊ အဖတ်များကွာခြင်းတို့ဖြစ်စေသည်။ ကြောင်မှာဖြစ်ပွားသော ဝဲရောဂါပိုးသည် လူကိုကူးစက်သောအခါ အရည်ကြည်ဖု များ၊ အနီရောင်အနာစက်များ လျင်မြန်စွာဖြစ်ပေါ်လာပြီး အလွန်ယားယံလိမ့်မည်။ လက်မောင်း၊ ရင်ဘတ်၊ ခြေထောက် များနှင့်ဝမ်းဗိုက်တို့မှာ အများဆုံးတွေ့ရမည်။
အရေပြားမှိုရောဂါ(Ringworm)
ပတ်ဝန်းကျင်မှာရှိသော Trichophyton နှင့် Microsporum မှိုပိုးများကြောင့် ကြောင်၏ခန္ဓာကိုယ် တွင်အနီရောင် စက်ဝိုင်းပုံမွေးကျွတ်နာအကွက်များပေါ်လာ ပြီး ကြောင်သည်အလွန်ယားယံသောကြောင့် လက်သည်း နှင့်ကုတ်ခြစ်ကာ လျှာနှင့်လျှက်သဖြင့် အခြားနေရာများ သို့ပါ ကူးစက်တတ်သည်။ ဤရောဂါသည် ကြောင်မှတစ်ဆင့် လူကိုကူးစက်တတ်သည်။ အနာမှ ကျွတ်လာသော အမွေး များတွင်ရောဂါပိုးများပါရှိတတ်သည်။ အိမ်မွေးကြောင်မှာ အရေပြားမှိုရောဂါစွဲကပ်ပါက တိရ္ဆာန်ဆေးကုဆရာဝန်ထံ ပြသပြီး စနစ်တကျကုသသင့်ပါသည်။
(Cat Scratch Disease)ကြောင်ကုတ်နာ
ဤရောဂါသည် Bartonella henselae ခေါ် ရောဂါ ပိုးကြောင့်ဖြစ်ရသည်။ ကြောင်အချင်းချင်းကုတ်ခြင်း၊ ကိုက်ခြင်း၊ တိုက်ခိုက်ခြင်းမှတစ်ဆင့် ဤရောဂါပိုးကူးစက် တတ်သည်။ ရောဂါပိုးကို သယ်ဆောင်ထားသော်လည်း ရောဂါလက္ခဏာတစ်စုံတစ်ရာမပြဘဲ ကြောင်က ရွှင်ရွှင် လန်းလန်းရှိနေနိုင်သည်။ သို့သော်သူ၏ဆီးထဲ၌ ရောဂါပိုး များကို ကာလကြာရှည်စွာ စွန့်ထုတ်တတ်သည်။ ရောဂါပိုး များရှိနေသော ကြောင်က လူကို ကိုက်မိ ကုတ်ခြစ်မိလျှင် ထိုနေရာတစ်လျှောက်မှာပန်းရောင်သန်းနေသော စက်ဝိုင်းပုံအင်ပျဉ်ထသကဲ့သို့အနာများ ဖြစ်ပေါ်လာတတ်သည်။ ထိုအနာများသည် ၁ဝ ရက်အတွင်း ပျောက်ကွယ်သွား တတ်သည်။ သို့သော် ကုတ်ခြစ်ခံရသော လူဦးရေ၏ ၁၅ ရာခိုင်နှုန်းသည် ပိုမိုဆိုးရွားပြင်းထန်သောအဆင့်သို့ ကူး ပြောင်းကာ ဦးနှောက်အာရုံကြောဆိုင်ရာ ထိခိုက်ပျက်စီးမှု နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများဖြစ် ပေါ်တတ်သောကြောင့် ပေါ့ပေါ့ဆဆသဘောမထားရန် သတိပေးလိုပါသည်။
ကြောင်မှတစ်ဆင့် ကူးစက်တတ်သော
ခွေးရူးရောဂါ (Rabies)
ခွေးရူးရောဂါသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဦးနှောက် ရောင်ရောဂါဖြစ်ပြီး ရောဂါကူးစက်ခံရသော သွေးနွေးသတ္တဝါ များအားလုံးကို အသက်သေဆုံးစေနိုင်သည်။ ခွေးရူးရောဂါ သည် ခွေးမှတစ်ဆင့် အများဆုံး ကူးစက်တတ်သည် မှန် သော်လည်း လူနှင့်လက်ပွန်းတတီးနေလေ့ရှိသော ကြောင် များ၏ အန္တရာယ်ကို လျှော့တွက်၍မဖြစ်ပါ။ လွတ်လပ်စွာ လှည့်လည်သွားလာခွင့်ပြုထားသောကြောင်သည် ပိုင်ရှင် တို့၏ မျက်ကွယ်၌ အကိုက်ခံရသလား၊ အကုတ်ခံရသလား၊ မည်သည့်တိရ္ဆာန်နှင့် တိုက်ခိုက်လာသလဲဆိုသည်ကို မသိ နိုင်ပါ။ ရောဂါပျိုးချိန်သည် တစ်ပတ် သို့မဟုတ် ၁ဝ ရက်ခန့် ကြာမြင့်တတ်သည်။
ကြောင်များတွင် ခွေးရူးရောဂါပိုးဝင်ပါက ပုံစံနှစ်မျိုး တွေ့ရ၏။ (၁) ချည့်နဲ့နေသောပုံစံ၊ (၂) ရန်လို တိုက်ခိုက် တတ် သော ပုံစံတို့ဖြစ်သည်။ သတိထားပြီး စောင့်ကြည့်သင့် သော လက္ခဏာများမှာ-တွေ့ကရာစားခြင်း၊ အဖျားတက် ခြင်း၊ အကြောဆွဲ၍ တက်ခြင်း၊ ချည့်နဲ့ခြင်း၊ ရေကြောက် ခြင်း၊ အောက်မေးရိုးတွဲကျနေခြင်း၊ အစာနှင့်ရေကို မမျိုနိုင် ခြင်း၊ အမူအရာပြောင်းလဲခြင်း၊ သွားရည်တများများကျ ခြင်းတို့ဖြစ်ကြသည်။
ခွေးရူးရောဂါသည် ကုရာနတ္ထိဆေးမရှိသောကြောင့် ကြိုတင်ကာကွယ်ခြင်းကသာ အထိရောက်ဆုံးနည်းလမ်း ဖြစ်သည်။ ထို့ကြောင့် အိမ်မွေးကြောင်များကို ခွေးရူးကာကွယ် ဆေးထိုးကြပါ။ နှစ်စဉ်မပျက်မကွက် ထိုးပါဟု တိုက်တွန်း လိုပါသည်။
ကြောင်မှ လူကို ကူးစက်တတ်သော ရောဂါများအား သိရှိထားခြင်းသည် လူကိုရောဂါမကူးစက်အောင် သတိပြု ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်ထားနိုင်ပါသည်။ စည်းကမ်းရှိခြင်း၊ သန့်ရှင်းမှုကို ဂရုပြုခြင်း၊ စနစ်တကျ ပြုစုစောင့်ရှောက်ခြင်းတို့ဖြင့် အိမ်မွေးတိရ္ဆာန်ပါဝင်သော မိသားစုကမ္ဘာကို ပျော်ရွှင်စွာ တည်ဆောက်နိုင်ကြပါစေဟု ဆန္ဒမွန်ပြုအပ်ပါသည်။
MOI

0 comments:

Post a Comment

 
Top