နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့ သက်တမ်း ကုန်ဆုံးချိန် သုံးလအလို၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ပြည်ထဲရေး ၀န်ကြီးဌာနမှ သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ယင်းနေ့တွင် အများပြည်သူများ လေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင် သတင်းစာများတွင်လည်း ဖော်ပြခဲ့ရာ ယင်းဥပဒေကြမ်းတွင် အခန်းငါးခန်းနှင့် အပိုဒ် (၁၄) ခု ပါဝင်သည်။

နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေး ဆိုင်ရာ ဥပဒေကြမ်းတွင် အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူအား လုံခြုံရေး အကာအကွယ်ပေးခြင်း၊ သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ ဆောင်ရွက်ချက် အပေါ် အကာအကွယ် ပေးခြင်းနှင့် အထွေထွေ စသည့် အခန်းငါးခန်း ပါဝင်သည်။

အဆိုပါ ဥပဒေကြမ်းတွင် သမ္မတ တာဝန် ပြီးဆုံးသော်လည်း လုံခြုံရေး အကာအကွယ်ပေးရန် ကိုယ်ရံတော် လုံခြုံရေး အစောင့်အရှောက်အား ရာသက်ပန် ထားရှိရမည့် အပြင် သမ္မတ အဖြစ် ထမ်းဆောင်ခဲ့သည့် ကာလ အတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြု၍ ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရ စသည့် အဓိက အချက်များ ပါဝင်သည်။

ထိုအချက်များနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး လေ့လာသူများနှင့် ပြည်သူများကြားတွင် ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။

တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရ ဆိုသည့်အချက်မှာ ပြည်သူ့အကျိုးကို အမှန်တကယ် လိပ်ပြာသန့်သန့် ဆောင်ရွက်ခဲ့ခြင်း မရှိ၍ နောက်ကျော မလုံသည့် သဘောသက်ရောက်နေ၍ ဖြစ်သည်။

''နိုင်ငံတော် သမ္မတတွေကို လုံခြုံရေး ပေးရမယ့် ဥပဒေ ဖြစ်ရမယ့်အစား နိုင်ငံတော် သမ္မတ ဖြစ်တဲ့သူကို ကာကွယ်ပေးတဲ့ ဥပဒေ ဖြစ်နေတယ်။ ဒီဥပဒေအရ ဆိုရင် သမ္မတတွေက သူတို့ ပြစ်မှုကျူးလွန်ရင် ဥပဒေက အရေးမယူဘူးဆို သမ္မတတွေကို ထင်တိုင်း လုပ်ခွင့်ပေးထားတာနဲ့ အတူတူပါပဲ'' ဟု စီးပွားရေး နှင့် ဥပဒေ လမ်းညွှန် ဦးတင်သန်းဦး က ပြောသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တာဝန်ယူနေစဉ် ကာလအတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အပ်နှင်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်နေသူ ဖြစ်ပါက အထက်ပါ အချက်မှာ မလိုအပ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

လက်ရှိ နိုင်ငံတော်တွင် ကြွေးမြီရှိနေချိန်၊ ဘတ်ဂျက်များ လိုငွေပြနေချိန်၊ အခြေခံ လူတန်းစားများ ဆင်းရဲ မွဲတေမှုများ ထူပြောနေချိန် အထက်ပါ ဥပဒေ ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ပြီး၊ ဘတ်ဂျက် လိုငွေ ပိုမိုများပြားနိုင်သည့် အပြင် သမ္မတသည် အခွင့်ထူးခံရဖို့ အတွက် သမ္မတ ဖြစ်သလို ဖြစ် နေမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောသည်။

သို့ဖြစ်၍ ပြည်ထောင်စု လွှတ်တော် အနေဖြင့် ပြည်သူ့အကျိုး ၊ အမျိုးသား စီးပွားရေး အကျိုးကို ကြည့်ပါက နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေ ထွက်ပေါ်လာစရာ အကြောင်းမရှိဟု ဦးတင်သန်းဦးက ဆိုသည်။

''သမ္မတကို အစောင့်အရှောက် ထားပေးမယ် ဆိုတာ လုပ်သင့်ပါတယ်။ ဒါပေမဲ့ ပြစ်မှုကျူးလွန်တာဆို အရေးယူလို့ မရဘူး ဆိုတာကတော့ ဘာတွေ စဉ်းစားနေလဲ မသိဘူး။ သူမှန်တာ လုပ်ခဲ့ရင်တော့ ဒါတွေမလိုပါဘူး'' ဟု ဒီမိုကရက်တစ် (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ယခုပြဋ္ဌာန်းလိုက်သော ဥပဒေကြမ်းသည် ဒီမိုကရေစီ စနစ်ဖြင့် ကိုက်ညီမှု ရှိမရှိကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် သမ္မတ တာဝန် ထမ်းဆောင်ခဲ့ပါက စိုးရိမ်စရာ မရှိပေ။

ယခုသမ္မတ တာဝန်ယူစဉ် ကာလ တစ်လျှောက် ပြည်သူ့အကျိုးစီးပွား အတွက် များစွာ ဆောင်ရွက်ခဲ့သော်လည်း မလုပ်နိုင်ခဲ့သည့် ကိစ္စများ၊ အမှားများလည်း ရှိလာနိုင်၍ အထက်ပါ ဥပဒေကြမ်းမှာ အကာအကွယ် တစ်ခုအနေဖြင့် ရရှိလာမည် ဖြစ်သည်။

လက်ရှိဒီမိုကရေစီ နိုင်ငံများ၌ သမ္မတ လုံခြုံရေးနှင့် ပတ်သက်၍ အပြည့်အ၀ ကာကွယ် ပေးထားသည့် အတွက် မြန်မာနိုင်ငံတွင်လည်း သမ္မတ လုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ဥပဒေပညာရှင် တချို့က ဆိုသည်။

''ရှေ့နေတွေ၊ ၀န်ထမ်းတွေမှာလည်း သူတို့တာဝန်အရ လုပ်ခဲ့တဲ့ကိစ္စကို ပြစ်မှုကြောင်း အရ တရားစွဲမရဘူးလို့ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် ဒီဥပဒေပါ အချက်က ဖြစ်သင့်တယ်'' ဟု ဥပဒေပညာရှင် ဆရာသော်နေဇော်က ပြောသည်။

အဆိုပါ ဥပဒေ အခန်း(၂) တွင် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ အသက်အန္တရာယ်နှင့် ကိုယ်ကာယကို ထိခိုက်ခြင်းမှ ကြိုတင် ကာကွယ်ရေး (သို့) ကာကွယ်နိုင်ရေး အတွက် လုံခြုံရေး ဆောင်ရွက်ရန်၊ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူအား မိသားစုနှင့် အတူ လုံခြုံစွာဖြင့် စိတ်အေးသက်သာစွာ နေထိုင်နိုင်စေရန်နှင့် တာဝန်ထမ်းဆောင်စဉ်က ဥပဒေနှင့်အညီ ဆုံးဖြတ်ခဲ့မှုများနှင့် စပ်လျဉ်း၍ အနှောင့်အယှက်ပေးခြင်း၊ အန္တရာယ်ပြုခြင်းတို့မှ ကာကွယ်နိုင်ရန် စသည်တို့ ဖော်ပြထားသည်။

ယင်းနောက် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူအား လုံခြုံရေး အကာအကွယ်ပေးခြင်းကို နိုင်ငံတော် သမ္မတ ရာထူးသက်တမ်း ကုန်ဆုံးသည့် နေ့ရက်မှစ၍ ရာသက်ပန် ခံစားခွင့်ရှိသည်မှာ လုံခြုံရေး အဖွဲ့များကို အချိန် အကန့်အသတ် ထားရှိခြင်း မရှိသည့် အတွက် ကုန်ကျစရိတ်မှာလည်း များပြားလာနိုင်သည်။

သို့ဖြစ်၍ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းပါ အချက်တချို့အား ပြန်လည် စဉ်းစားချင့်ချိန် ဆုံးဖြတ်ရန် လိုအပ်နေသည်။

''ဒီဥပဒေကြမ်းက ဖွဲ့စည်းပုံမှာလည်း ပါတယ်လေ။ သမ္မတကို နောက်ကြောင်းပြန်ပြီး အရေးမယူရဘူးလို့ ရှိပြီးသား ဖြစ်တဲ့အတွက် ဘာမှတော့ လုပ်လို့မရပါဘူး။ ဘယ်လို အတွေးအခေါ်နဲ့ လုပ်လည်း ဆိုတာမသိဘူး။ တကယ်တော့ မလိုအပ်ပါဘူး'' ဟု အမျိုးသား တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က ပြောသည်။

လက်ရှိ ပြဋ္ဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ- ၄၄၅တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်ကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ ၊ သို့မဟုတ် အဖွဲ့ဝင် တစ်ဦးဦး (သို့) အစိုးရအဖွဲ့ဝင် တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရဟုသာ ပြဋ္ဌာန်းထားသည်။

ယင်းကဲ့သို့ ပြဋ္ဌာန်းချက်မှာ ယခင်စစ်အစိုးရ လက်ထက်က ဆောင်ရွက်ချက်များကို နောက်ကြောင်းပြန် တရားစွဲဆိုခြင်း မပြုနိုင်စေရန် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပြီး၊ ယခု နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းပါ အခန်း (၄)၊ အပိုဒ် (၁၀) ပါအချက်နှင့် ဆင်တူသည်။

''အခု ဥပဒေကြမ်းက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နဂိုကတည်းက ပေးထားတာ ရှိတယ်။ အခုဟာကတော့ ဒီနိုင်ငံမှာ ပထမဆုံးအကြိမ် ပြဋ္ဌာန်းမယ့် ဥပဒေဖြစ်တဲ့ အတွက်၊ လောလောဆယ်တော့ နိုင်ငံတကာမှာရှိတဲ့ သမ္မတ တာဝန် ထမ်းဆောင်ခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေတွေကို လေ့လာပြီးမှပဲ ပြောလို့ရမယ်'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောသည်။

အခု နိုင်ငံတော် သမ္မတ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကို အမှန်တကယ် ဒီမိုကရေစီ ကျင့်သုံးနေသည့် အမေရိကန်၊ အင်ဒိုနီးရှား စသည့် နိုင်ငံတို့တွင်လည်း ဥပဒေပြဋ္ဌာန်းကာ အကာအကွယ် ပေးကြောင်း နိုင်ငံတော် သမ္မတနှင့် နီးစပ်သူများက ခုခံပြောဆိုသည်။

''ပြည်ပ နိုင်ငံတွေမှာ သမ္မတက နိုင်ငံတော်လုံခြုံရေး၊ ပြည်ထောင်စု မပြိုကွဲရေး တို့အတွက် လုပ်ခဲ့ရတာ ရှိတဲ့အတွက် အဲဒါတွေနဲ့ ပတ်သက်လို့ ဥပဒေတွေက သမ္မတကို ကာကွယ်ပေးထားတယ်။ ဒါကြောင့် ဥပဒေအရ ကြည့်ရင်လည်း ဒီနိုင်ငံမှာ လိုအပ်တယ်'' ဟု နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထို့ပြင် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများနှင့် ကြည့်ပါကလည်း သမ္မတ လုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းရန် လိုအပ်ပြီး၊ ယင်းသို့ ပြဋ္ဌာန်းနိုင်ရန် အတွက် ပြည်ပနိုင်ငံများ၏ လုပ်ထုံး လုပ်နည်းများ လေ့လာပြီးမှသာ သေချာညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း ၎င်းကပြောသည်။

သို့သော် မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းခါစသာ ရှိသေး၍ ဒီမိုကရေစီ ကျင့်သုံးနေသည့် ပြည်ပနိုင်ငံများ နည်းတူ လိုက်လံ ဆောင်ရွက်ရန် မဖြစ်နိုင်သေးကြောင်း နိုင်ငံရေး လေ့လာသူများက ထောက်ပြ ပြောဆိုကြသည်။

''အမှန်တော့ ဒီဥပဒေဘာလို့ ပေါ်လာလဲ ဆိုရင်တော့ လိပ်ပြာမသန့်လို့ပဲ ပြောချင်ပါတယ်။ ထမင်းလုံး တစ္ဆေခြောက်သလို ခံစားနေရတဲ့ အတွက် သူတို့ကို သူတို့ပြန်လည် ကာကွယ်ဖို့ အတွက် လုပ်မိလုပ်ရာ လုပ်တယ်လို့ပဲ ထောက်ပြချင်ပါတယ်'' ဟု ညီမျှခြင်း မြန်မာအဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

မြန်မာနိုင်ငံတွင် အထက်ပါ ဥပဒေ ရှိခြင်းကြောင့် သမ္မတ တစ်ယောက်သည် မည်သည့် အရာမှန်သမျှကို ဂရုစိုက်စရာ မလိုဘဲ ပြုလုပ်မိပါက လူ့အခွင့်အရေး ချိုးဖောက်မှု အပါအ၀င် ဆိုးကျိုးများစွာ ရှိလာနိုင် ၍ လက်မခံနိုင်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူချိန် အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လက်ပံတန်း ကျောင်းသားကိစ္စများ၊ လက်ပံတောင်းတောင် ကိစ္စများနှင့် ဘာသာရေး ပဋိပက္ခများ စသည်တို့မှာ ကမ္ဘာ့အလယ်တွင် မျက်နှာပျက်စရာ ဖြစ်ခဲ့ရသလို ဒီမိုကရေစီ လမ်းကြောင်းသို့ သွားနေသည် ဆိုခြင်းကို သံသယ ဖြစ်စရာ ဖြစ်ခဲ့သည်….။
စိုးစည်သူ
Messenger News Journal



0 comments:

Post a Comment

 
Top