ကျောက်တန်းမြို့နယ်မှ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနှင့် အဖွဲ့အား ၀န်ကြီး ဦးအုန်းမြင့်၏ ကိုယ်စားလှယ်က တရားစွဲဆိုထားသော အမှုများအနက် အမှုတစ်ခုတွင် မမှန်မကန် ထွက်ဆိုခဲ့မှုအတွက် တရားလိုအား အရေးယူပေးရန် တစ်ဖက် တရားလွှတ်တော် ရှေ့နေ၏ လျှောက်ထားမှုကို ကျောက်တန်းမြို့နယ် တရားသူကြီးက ပယ်ချကြောင်း ဒီဇင်ဘာ ၂၈ ရက် ရုံးချိန်းတွင် ကြားဖြတ်အမိန့်တစ်ရပ် ချမှတ်ခဲ့သည်။

အနိုင်ရ NLD ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား လမ်းပိတ်ဆို့မှု အပါအ၀င် မဲရုံစောင့် ဆရာ/ဆရာမများ၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ပြည်သူများအား ရွေးကောက်ပွဲ ဥပဒေဖြင့် တရားစွဲဆိုထားသော အမှုများ၏ ရုံးချိန်းဖြစ်သည့် ဒီဇင်ဘာ ၂၈ ရက်ရုံးချိန်းတွင် တရားလိုဖြစ်သူ ၀န်ကြီးဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးမျိုးချစ်အား ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ဒေါ်အေးမြမြမျိုးအား တရားစွဲဆိုထားသော လမ်းပိတ်ဆို့မှု ပုဒ်မ ၃၄၁ အတွက် တရားလို ဦးမျိုးချစ်အား စွပ်စွဲခံရသူ၏ ရှေ့နေမှ အပြန်အလှန် မေးခွန်းများ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျောက်တန်းမြို့နယ် မင်္ဂလွန်းကျေးရွာ မဲရုံမှူး ဦးဉာဏ်ဝင်းနှင့် ဒုမဲရုံမှူး ဒေါ်မြမြမူအား ဦးမျိုးချစ်မှပင် တရားလိုပြုလုပ်၍ မဲလက်မှတ်များအား မသမာသောနည်းဖြင့် ရေတွက်၍ အရေးယူ တိုင်တန်းချက်အား စစ်ဆေးရာတွင် ရဲစခန်း၌ ထွက်ဆိုခဲ့သော ထွက်ဆိုချက်နှင့် တရားရုံးရှေ့ ထွက်ဆိုချက်တို့မှာ ကွဲလွဲနေသောကြောင့် စွပ်စွဲခံရသူ၏ ရှေ့နေက ပြစ်မှုဆိုင်ရာ ဥပဒေ ၁၉၃ အရ အရေးယူပေးရန် လျှောက်ထားခဲ့မှုအား ဒီဇင်ဘာ ၂၈ ရက်ရုံးချိန်း၌ပင် ကြားဖြတ်အမိန့်တစ်ရပ် ချမှတ်ခဲ့ကြောင်း သိရသည်။

အမိန့်ချမှတ်ရာတွင် ဥပဒေ အကြံပေးမှ တရားလို ဦးမျိုးချစ်အား ရဲစခန်းရှေ့ ထွက်ဆိုချက်နှင့် တရားရုံးရှေ့ ထွက်ဆိုချက်မှာ ကွဲလွဲနေသဖြင့် မည့်သည့်ထွက်ဆိုချက်မှာ အမှန်ဖြစ်သနည်းဟု မေးမြန်းရာ ဦးမျိုးချစ်က ရဲစခန်း ထွက်ဆိုချက်မှာ အမှန်ဖြစ်ပါသည်ဟု ပြန်လည်ဖြေကြားခဲ့သဖြင့် စွပ်စွဲခံရသူ၏ တရားလွှတ်တော်ရှေ့နေမှ တရားလို ဦးမျိုးချစ်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၉၃ အရ အရေးယူပေးရန် လျှောက်ထားမှုကို တရားရုံးမှ စိစစ်ရာတွင် ဦးမျိုးချစ်၏ ထွက်ဆိုချက်မှာ ရဲစခန်းရှေ့ ထွက်ဆိုချက်နှင့် တရားရုံးရှေ့ ထွက်ဆိုချက်မှာ စကားလုံး သုံးနှုန်းပုံခြင်း ကွာခြားခဲ့သော်လည်း အဓိပ္ပာယ်မှာ ကွဲပြားသွားခြင်း မရှိခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့အပြင် စွပ်စွဲခံရသူ၏ တရားလွှတ်တော်ရှေ့နေမှ တရားလိုအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၉၃ ဖြင့် အရေးယူပေးရန် လျှောက်ထားမှုတွင် သက်သေခိုင်လုံစွာ ပြသနိုင်ခြင်း မရှိသဖြင့် အဆိုပါ လျှောက်ထားမှုအား ပယ်ချကြောင်း ကြားဖြတ် အမိန့်ချမှတ်ခဲ့သည်။

“ဒီနေ့ကတော့ ဒေါ်အေးမြမြမျိုးကို စွဲထားတဲ့ မတရား တားဆီးပိတ်ဆို့မှု ပုဒ်မ ၃၄၁ အမှုအတွက် တရားလို ဦးမျိုးချစ်ကို အပြန်အလှန် စစ်မေးခဲ့ပါတယ်၊ မဲရုံးမှူး အပေါ်မှာ ဆွဲထားတဲ့ အမှုမှာ ပေါ်ပေါက်တဲ့ ကိစ္စရပ်ပေါ်မှာ ရဲစခန်းမှာ ထွက်ဆိုချက်က မှန်တယ်ဆိုတဲ့အတွက် တရားရုံး ထွက်ဆိုချက်က မမှန်ဘူး သက်ရောက်တယ်၊ ဒါကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၉၃ အရ အရေးယူဖို့ တရားရုံးမှာ လျှောက်တယ်၊ လျှောက်တဲ့အခါမှာ ဒီကွဲလွဲချက်ဟာ အမှုတစ်ခုလုံးကို ထိခိုက်စေတဲ့ ကွဲလွဲမှု မဟုတ်ဘူး၊ မဟုတ်တဲ့အတွက် ကျွန်တော်တို့ လျှောက်တာကို ပယ်ချခဲ့ပါတယ်၊ ကျန်တဲ့အမှုကတော့ ဇန်န၀ါရီ ၁၁ ရက်ကို ပြန်ချိန်းလိုက်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ရုံးချိန်အပြီးတွင် ပြောကြားသည်။

ယင်းနောက် ကျောက်တန်းမြို့နယ် တရားသူကြီးမှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် အစည်းအဝေးရှိ၍ တာဝန်အရ သွားရောက်ရမည် ဖြစ်သောကြောင့် ဒေါ်အေးမြမြမျိုးအား တရားစွဲဆိုထားသောအမှု အပါအ၀င် ကျန်ရှိသည့် ရွေးကောက်ပွဲ ဥပဒေဖြင့် တရားစွဲဆိုထားသော အမှု ၁၅ မှုအတွက် ဇန်န၀ါရီ ၁၁ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

ယခု ဒီဇင်ဘာ ၂၈ ရက်ရုံးချိန်းကို ပြည်သူ့လွှတ်တော် ဥပဒေဖြင့် တရားစွဲဆိုထားသောအမှု ၁၅ မှုနှင့် ဒေါ်အေးမြမြမျိုးအား ပြစ်မှုပုဒ်မ ၃၄၁ ဖြင့် တရားစွဲဆိုထားသော အမှုတို့အတွက် ချိန်းဆိုထားခြင်းဖြစ်သည်။
Writer: အောင်ထက်ခိုင်၊ မြင့်သူ
Eleven Media Group
ဒေါ်အေးမြမြမျိုးအား ကျောက်တန်းမြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)





0 comments:

Post a Comment

 
Top