နန္ဒ၊ ရန်ကုန်၊ နိုဝင်ဘာ-၁၁
အမေရိကန်လေယာဉ်ကုမ္ပဏီတစ်ခုဖြစ်သော Cessna ထုတ် အမေရိကန်ဒေါ်လာ ၁၈ သန်းခွဲတန် Citation လေယာဉ်ကို မြန်မာနိုင်ငံမှ ဆန္ဒရှိပါက ၀ယ်ယူနိုင်ရန်အတွက် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်ပြသခဲ့သည်။
" ကန်ဒေါ်လာ ၁၈ သန်းခွဲလောက် တန်ကြေးရှိတယ်။ ဇိမ်ခံလေယာဉ်ပေါ့။ ကမ္ဘာမှာ သူဌေးကြီးတွေ၊ ကုမ္ပဏီကြီးတွေ၊ Air Taxi တွေမှာ ဒီလေယာဉ်တွေ အများဆုံးသုံးတယ်။ သူတို့ဘာသာ အကုန်အကျခံပြီး လာပြတာပါ။ ပုဂ္ဂလိကလေကြောင်းလိုင်းတွေ လည်းကြိုက်ရင် ၀ယ်လို့ရအောင်ပေါ့" ဟု မြန်မာ့လေကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြော ကြားသည်။
အဆိုပါ လေယာဉ်မှာ ဂျက်အမျိုး အစားဖြစ်ပြီး နည်းပညာအလွန်မြင့်မားသော
လေယာဉ်ဖြစ်ကာ ခရီးသည် ရှစ်ယောက်ခန့်သာ တင်ဆောင်နိုင်ကြောင်း သိရသည်။ မြန်မာနှင့် အမေရိကန်နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်
လာသဖြင့် ယခုကဲ့သို့ လေယာဉ်ပြသခြင်းမျိုး လုပ်ဆောင်လာခြင်းဖြစ်ကြောင်း
သိရသည်။
" ကျွန်တော်တို့ကတော့ နိုင်ငံတော်ဘတ်ဂျက်နဲ့ ဆိုတော့ ၀ယ်ဖို့
အစီအစဉ်မရှိသေးပါဘူး" ဟု နိုင်ငံပိုင်လေကြောင်းလိုင်း၏ ဦးဆောင်ညွှန်ကြား ရေးမှူးက ပြောသည်။အဆိုပါ လေယာဉ်ကို တရုတ်၊
ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံများသို့ လှည့်လည်ပြသခဲ့ပြီးနောက် မြန်မာ
နိုင်ငံသို့ ၀င်ရောက်ပြသခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့သို့ ဆက်လက် ထွက်ခွာပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလေယာဉ်ကို ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလေကြောင်း လိုင်းများမှ တာဝန်ရှိသူများ လာရောက် ကြည့်ရှုလေ့လာခဲ့ကြသည်။

0 comments:
Post a Comment