၈.၁၀.၂၀၁၃၊ အင်္ဂါနေ့
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဦးဆောင်သည့် မကြာသေးမီက ဖွဲ့စည်းခဲ့သော
မြေယာအသုံးချရေး စီမံခန့်ခွဲမှု ဗဟိုကော်မတီက မြေယာသိမ်းယူထားမှု
ပြဿနာများအားလုံးကို တစ်နှစ်အတွင်း ဖြေရှင်းပေးမည်ဟု ကတိပြုထား
သည်။
၎င်းအဖွဲ့၏ စက်တင်ဘာလ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ဒု-သမ္မတဦး
ဥာဏ်ထွန်းနှင့်အဖွဲ့ဝင်များက တင်ပြထားသည့် မြေသိမ်းဆည်း ထားမှု ပြဿနာပေါင်း
၇၄၅ ခုကို ဖြေရှင်းပေးမည်ဟု ဆိုသည်။ မြန်မာနိုင်ငံက
တံခါးဖွင့်ခဲ့ပြီဖြစ်ပြီး ပိုမိုပွင့်လင်းလာသည့် အုပ်ချုပ်မှု
အစိုးရစနစ်အောက်တွင် ဤသို့ မြေယာပြဿနာများမှာ ပို၍ရှေ့တန်းရောက်လာခဲ့သည်။
ဤသို့ မြေယာပြဿနာများ ကြုံတွေ့နေရသည်မှာ မြန်မာတစ်နိုင်ငံတည်း တော့
မဟုတ်ပေ။ နိုင်ငံအများစုတွင် အစိုးရနှင့် ကုမ္ပဏီများတို့ ပေါင်း၍
မြေကိုရယူရန် ဖြတ်လမ်းနည်းဖြင့် ကြံကြသည်။ လှည့်ဖျား၍ ရယူကြသည်။ သို့မဟုတ်
ပြောင်ပြောင်တင်းတင်း လုယူခဲ့ကြသည့် အဖြစ်များရှိခဲ့ကြပါသည်။ ဤသို့
မြေသိမ်းကြသည့် အကြောင်းမှာ သဘာဝသယံဇာတများ ထုတ်ယူရန် အကြောင်းကြောင့်
ဖြစ်စေ၊ သို့မဟုတ် တိုးရစ်ခရီးသွားများ ဆွဲဆောင်ရန် စီမံကိန်းများ
အတွက်ဖြစ်စေ၊ ရေအားလျှပ်စစ်၊ အားကစားရုံကဲ့သို့သော ဆောက်လုပ်ရေး
စီမံကိန်းကြီးများ အတွက်ကြောင့်ဖြစ်စေ၊ မြေသိမ်းယူမှုများ ရှိခဲ့ကြဖူးသည်။
အထူးသဖြင့် အာရှ၏ အချို့သော နိုင်ငံများ၊ အာဖရိက၊တောင်အမေရိက နှင့် လက်တင်
အမေရိကနိုင်ငံများတွင် အလားတူ မြေယာလုယူ သိမ်းဆည်းမှုများ ဖြစ်ပေါ်နေသည်ကို
တွေ့ကြရပါသည်။ အရှေ့တောင်အာရှ နိုင်ငံများတွင် လည်း အလားတူအဖြစ်များနှင့်
မကင်းပါ။ ဥပမာအားဖြင့် အာဆီယံ အသင်းဝင်နိုင်ငံများဖြစ်ကြသည့်
ကမ္ဘောဒီးယားနိုင်ငံတွင်လည်း လယ်ယာ စိုက်ပျိုးမြေများကို စီးပွားရေးဇုန်များ
အသွင်ပြောင်းနိုင်ရန် မြေယာသိမ်းယူမှုများ အကြီးအကျယ်တွေ့မြင်နေရပြီး၊
ဘိုးစဉ်ဘောင်ဆက်
မြေယာပိုင်ဆိုင် လုပ်ကိုင်ခဲ့ကြသူများကို
မောင်းနှင်ထုတ်သည့်အဖြစ်များ မြင်တွေ့နေရသည်။ ယခင်မြေပိုင်ကြသူ
လယ်သမားများ၏ ဆန္ဒပြပွဲများသည်လည်း အကြမ်းဖက်ချေမှုန်းမှုများနှင့်
ကြုံတွေ့နေရသည်။
မည်သို့ဖြစ်စေ မြေယာပြဿနာများကို
အစိုးရကဖြေရှင်းပေးမည် ပြောဆိုလာခြင်းအပေါ် ကြိုဆိုရမည် ဖြစ်ပါသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်းတွင် မြေဧက ထောင်သောင်းနှင့်ချီ၍ အစိုးရက
သော်လည်းကောင်း၊ တပ်မတော်က သို့မဟုတ် ကုမ္ပဏီများက ဤမြေယာများအပေါ်
ပိုင်ဆိုင်လုပ်ကိုင်နေကြသူများနှင့် ဖြေရှင်းညှိနှိုင်းခြင်းမရှိဘဲ
သို့မဟုတ် လျော်ကြေး မပေးဘဲ သိမ်းယူခဲ့ကြပါသည်။ အထူးသဖြင့် ဆင်းရဲသည့်
လယ်သမားများထံမှ သိမ်းဆည်းယူခဲ့ကြပါသည်။
ဤအကြောင်းအများတွင် ယခင်
စစ်အစိုးရ၏ မူဝါဒများနှင့် သက်ဆိုင်နေပြီး၊ မြေယာအတွက်သော်လည်းကောင်း၊
လုပ်အားအတွက် သော်လည်းကောင်း အခမပေးဘဲ ယခင်ကာလများက ရယူ၊
သိမ်းယူခဲ့ကြပါသည်။ မြေသိမ်းဆည်း ခံကြရသူများက မြေယာကိစ္စ
စုံစမ်းစစ်ဆေးရေးကော်မရှင်ထံ တိုင်ကြား ခဲ့ကြပြီး၊ တိုင်ကြားခဲ့သည့်
အမှုပေါင်း ၇၄၅ ခု အနက်၊ ၅၆၅ မှုမှာ စစ်တပ်က သိမ်းယူခဲ့သည့် မြေယာအမှုများ
ဖြစ်သည်။ ဖြစ်ရပ်များစွာတွင် မြေသိမ်းယူ ခဲ့ကြသော် လည်း၊ ဤမြေကို
မည်သို့မျှ ဆက်လက်ဆောင်ရွက်ခဲ့ကြခြင်း မရှိပါ။ အချို့သောကိစ္စများတွင် ယခင်က
စိုက်ပျိုးနေကြသူ လယ်သမားများကို ၎င်းမြေပေါ်တွင်ပင် ပြန်၍
သီးစားချထားခဲ့ပါသည်။ “မြေပိုင်ရှင်အသစ်” ဆိုသူထံ မြေငှားခပေး၍
လုပ်ကိုင်နေကြရပါသည်။
မြန်မာအစိုးရက ယခုအခါ
ပြုပြင်ပြောင်းလဲမှုများ ပြုနေသည်။ ဒီမိုကရေစီ ခေတ်သို့
ဦးတည်လျှောက်လှမ်းနေသည်ဟု ဖော်ပြပြောဆိုနေပါသည်။ သို့ဆိုလျှင်
မြေပိုင်ဆိုင်မှု အခွင့်အရေးကို လေးစားလိုက်နာရန် လိုအပ်ပါသည်။ သို့သော်
ဤမြေယာပြဿနာကို မည်သို့ ဖြေရှင်းပေးမည်ဆိုသည်မှာ ရှင်းလင်းသေချာ
မရှိလှသေးပါ။ အပြောသာ များနေသေးသည်။
မြေယာပိုင်ဆိုင်ခဲ့သူများ
ပိုင်ဆိုင်မှု အထောက်အထားများ တင်ပြကြရန်နှင့် ဒေသခံအာဏာပိုင်များက သူတို့၏
တောင်းဆိုမှုများကို ဖြေရှင်းပေးလိုသည့် ဆန္ဒအပေါ်တွင်သာ မူတည်နေပါသေးသည်။
ဤသို့ဖြေရှင်းဆောင်ရွက်ပေး ရန် များသောအားဖြင့် တံစိုးလက်ဆောင်
ငွေကြေးပေးရသည်များလည်း ရှိနေပါသေးသည်။ ကြည့်ရသည်မှာ မြေယာပိုင်ဆိုင်မှု
အထောက်အထား ခိုင်မာသူများကို မြေပြန်ပေးမည်ဟု ယူဆရပါသည်။ ဤသို့လည်း
လူသိရှင်ကြား ပြောဆိုခဲ့ပါသည်။ ပြဿနာမှာ ဤသို့မြေယာ အထောက်အထား
စာရွက်စာတမ်းများ လယ်သမားမည်မျှထံတွင် ရှိနေပါမည်နည်း။ အများစုမှာ
သမားရိုးကျသာ လက်ငုတ်လက်ရင်း လယ်အဖြစ်
စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြသူများဖြစ်သည်။ သို့အတွက်ကြောင့် ထိုသူများအတွက်
တရားမျှတမှု အပြည့်အ၀ ဖြစ်စေမည်ဟု
ပြောရန်လည်း စောလွန်းနေပါသေးသည်။
Mizzima - News in Burmese
Top
0 comments:
Post a Comment