အသက်(၂၄)နှစ်သာ အရွယ်သာ ရှိသေးသည့် ကမ္ဘာ့အဆင့် ကွင်းလယ် ကစားသမား အိုဇေးလ်အား ရောင်းထုတ် ခဲ့၍ ပရိတ်သတ် များအပါအ၀င် ဘောလုံး ကျွမ်းကျင်သူများက ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်အား ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် ပီရက်ဇ်က အိုဇေးလ်အား ရောင်းထုတ်ခဲ့ရခြင်း၏ အကြောင်းပြချက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောကြား လိုက်သည်။
ပီရက်ဇ်က ရီးရဲလ်မက်ဒရစ်၏ အုပ်ချုပ်သူများ အနေဖြင့် ညဘက်ထွက်ကာ အပျော်အပါး လိုက်စားကာ၊ ပါတီ ညလုံးပေါက် တက်သော အိုဇေးလ်ကို ထိန်းသိမ်းရသည်မှာ စိတ်ပျက် သွားပြီ ဖြစ်ကြောင်း ဖွင့်ဟလိုက်သည်။ ထို့အပြင် အိုဇေးလ်၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသော အိုဇေးလ်၏ ဖခင် ဖြစ်သူ မက်စတာဖာသည် သားဖြစ်သူ၏ လုပ်ခလစာအတွက် မတန်တဆ တောင်းဆိုမှုများ ပြုလုပ်ခဲ့သောကြောင့် အိုဇေးလ်ကို ရောင်းထုတ် ခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြား လိုက်သည်။
ပီရက်ဇ် အနေဖြင့် အိုဇေးလ်အား တစ်နှစ်လုပ်ခ ယူရို ၆.၅ သန်းဖြင့် ၂၀၁၈ ခုနှစ် အထိ သက်တမ်းရှိသော စာချုပ်သစ်ဖြင့် ကမ်းလှမ်း ခဲ့သော်လည်း ဖခင်ဖြစ်သူက လိုချင်သော လုပ်ခ လစာ မရသောကြောင့် ငြင်းပယ်ခဲ့ကြောင်းပါ ဖွင့်ဟ ပြောကြား သွားခဲ့သည်။ အိုဇေးလ်၏ ဖခင်ဖြစ်သူက သားအတွက် ရီးရဲလ်မက်ဒရစ်က ကမ်းလှမ်းသော လုပ်ခ လစာထက် ယူရို ၂ သန်း ပို၍ အလိုရှိနေသည်။ နှစ်ဦးနှစ်ဖက် ညှိုမရသည့်အဆုံး အိုဇေးလ်အား ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း ABC သို့ ပြောကြား သွားခဲ့သည်။
ပီရက်ဇ်က - "ရိုးရိုးလေးပါပဲ အိုဇေးလ်ဟာ ရီးရဲလ်မက်ဒရစ် အတွက် ပရော်ဖက်ရှင်နယ် မပီသတဲ့ ကစားသမားပါ" ဟု ထပ်လောင်း ဝေဖန်လိုက်သည်။
Written by အောင်ဇော်လတ်(မိုးနဲ)

0 comments:

Post a Comment

 
Top